နွားကို ချောက်ထဲတွန်းချလိုက်ပါ

တစ်ခါက.. ဉာဏ်ပညာနဲ့ပြည့်စုံတဲ့ လူတစ်ယောက်ဟာ တပည့်တစ်ယောက်နဲ့အတူ ခရီးကြမ်းတစ်ခုကို ထွက်ခွာခဲ့ပါသတဲ့..။ အဲဒီလို ဆရာတပည့်နှစ်ယောက်ဟာ ခြေကျင်ခရီးထွက်လာရင်းမှာပဲ ညဉ့်အမှောင်ဟာ တဖြည်းဖြည်း ဝင်ရောက်လာပါသတဲ့..။ ညရဲ့အမှောင်ထုဟာ ပိုမိုပြီးကြီးစိုးလာပြန်တာကြောင့် ဆရာက တပည့်ကိုဒီလိုပြောတယ်

“တပည့် ငါတို့တည်းခိုဖို့နေရာလေးဘာလေးရှာမှာဖြစ်မယ်၊ ဒီအတိုင်းအိပ်လို့တော့မဖြစ်ဘူး။ ဟိုဟိုဒီဒီသွားပြီး တည်းဖို့ခိုဖို့နေရာလေးရှာစမ်းပါဦး”

အဲဒီအခါ တပည့်လုပ်သူလည်း အနီးအပါးလှည့်လည်သွားလာပြီး တည်းခိုနေနိုင်တဲ့ နေရာကိုလိုက်ရှာတယ်။ အဲဒီလိုနဲ့ ဖုန်းဆိုးမြေတစ်ခုရဲ့ အစပ်မှာတော့ အင်မတန်သေးငယ်စုတ်ချာလှတဲ့ တဲပုပ်တစ်လုံးကိုတွေ့ခဲ့တယ်။ အဲဒါကြောင့်လည်းသူဟာ ဆရာကို ပြန်လည်ခေါ်ဆောင်ပြီး သူတွေ့ခဲ့တဲ့ တဲပုပ်လေးဆီကို ဆရာတပည့်နှစ်ယောက် သွားရောက်ခဲ့ကြတယ်။ အဲဒီလို စုတ်ချာလှတဲ့တဲပုပ်လေးမှာ အင်မတန်ဆင်းရဲနုံချာလှတဲ့ မိသားစုတစ်စုနေထိုင်တယ်။ အဖေ၊ အမေနဲ့ ကလေးငယ်တွေအကုန်လုံးဟာ အရောင်မွဲလွန်းလှပြီး အဖာရာတွေ ဗရပွနဲ့ အဝတ်အစားတွေကို ဝတ်ဆင်ထားရရှာတယ်။ ပညာရှိရဲ့တပည့်ဟာ ဆင်းရဲလှတဲ့မိသားစုကို အားနာလှပေမယ့် ဒီတစ်ညအဖို့ဒီမှာအိပ်မှသာဖြစ်မှာမို့ သူက တည်းခိုခွင့်တောင်းခဲ့တယ်

“ကျွန်တော်တို့ ဆရာတစ်ပည့်နှစ်ယောက် ဒီတစ်ညတော့ ဒီမှာအိပ်ပါရစေ” လို့ တပည့်က ခွင့်တောင်းလိုက်တယ်။ အဲဒီအခါ သူဆင်းရဲမိသားစုရဲ့ဖခင်က”အိုး..ခရီးသွားဧည့်သည်တွေပဲဗျ။ ဧည့်သည်လာတာကိုပဲ ကျွန်တော်က အင်မတန်ဝမ်းမြောက်လှပါတယ်။ တည်းပါဗျာ။ တည်းပါ။ အိမ်ထဲကိုကြွကြပါ” လို့ ပြုံးရွှင်စွာပဲဆီးကြိုလိုက်တယ်။ အဲဒီနောက်မှာတော့ ဆင်းရဲမွဲတေလှတဲ့မိသားစုဟာ ဆရာတပည့်နှစ်ယောက်အတွက် ညစာအဖြစ် အစားအသောက်တွေနဲ့ကျွေးမွေး ဧည့်ခံခဲ့တယ်။ သူတို့ကျွေးမွေးတဲ့ အစားအသောက်ထဲမှာတော့ သူတို့ဟာ ဒိန်ခဲတွေ၊ နို့မလိုင်တွေ၊ နွားနို့တွေကို အကောင်းဆုံးပြင်ဆင်ကျွေးမွေးကြရှာတယ်။ အဲဒီလို ပျူငှာဖော်ရွေလွန်းတဲ့ သူဆင်းရဲမိသားစုကိုမြင်ရတဲ့အခါ တပည့်လုပ်သူဟာ အင်မတန်မှ သနားမိတယ်။ သူတို့ဟာ ဆင်းရဲနုံချာလှပေမယ့် သဒ္ဒါတရားမှာတော့ ဇောတိက၊ အနာထပိဏ်တို့ထက် မနည်းဘူးလို့သူတွေးတောနေမိတယ်။

အဲဒီလို ညစာစားသောက်အပြီးမှာတော့ ဆရာဖြစ်သူက ဒီလိုမေးတယ်”ခင်ဗျားတို့တွေ ကျွေးမွေးဧည့်ခံတာကို ကျေးဇူးတင်လို့မဆုံးပါဘူး။ ဒါနဲ့ ဒီလို ခေါင်လှတဲ့နေရာမှာ ဘာအလုပ်အကိုင်တွေနဲ့များ လုပ်ကိုင်စားသောက်ကြတာတုန်းဗျ”အဲဒီအခါ အိမ်ရှင်ယောက်ျားက “ကျွန်တော်တို့မှာ နွားတစ်ကောင်ရှိတယ်လေ၊ ကျွန်တော်က နေ့တိုင်းနွားနို့ညှစ်ပြီး သိပ်မဝေးတဲ့နေရာမှာရှိတဲ့ ကျွန်တော်တို့ရဲ့ အိမ်နီးနားချင်းဆီမှာ သွားပေးတယ်။ သူက ကျွန်တော်တို့အတွက်လိုအပ်တဲ့ အဝတ်အထည်၊ ဆန် တွေပြန်ပေးတယ်၊ ကျွန်တော်တို့ရဲ့ဟင်းလျာကတော့ ဒီနွားကရတဲ့ ဒိန်ခဲ၊ ဒိန်ချဉ်၊ နွားနို့ ပေါ့ဗျာ။ အဲဒီလိုနည်းနဲ့ မိသားစုအသက်မွေးရတာပေါ့ ကျန်တဲ့ရပေါက်ရလမ်းတော့မရှိပါဘူး”အဲဒီလိုနဲ့ နောက်တစ်နေ့မနက်မှာတော့ ဆရာတပည့်နှစ်ယောက်ဟာ ခရီးဆက်လက် ထွက်ခွာခဲ့တယ်။ ဆရာဖြစ်တဲ့ပညာရှိကြီးဟာ တစ်စုံတစ်ခုမှ ပြောဆိုခြင်းမရှိပေမယ့် တပည့်လုပ်သူကတော့ ဆင်းရဲလှတဲ့မိသားစုအပေါ် သနားစိတ်၊ စာနာစိတ်တွေသာ ကြီးစိုးနေတယ်။ ဒီမိသားစုလေးကို ကယ်တင်လိုစိတ်၊ ကြီးပွားချမ်းသာစေလိုစိတ်တွေနဲ့ တနုံ့နုံ့ ဖြစ်လို့လာတယ်။ တစ်ကြိမ်မှာတော့ သူက ဆရာပညာရှိကြီးကို ဒီလိုပြောလိုက်တယ်

“ဆရာ ကျွန်တော်တို့တည်းခဲ့တဲ့အိမ်က မိသားစုလေးကို ကျွန်တော် အင်မတန်သနားမိပါတယ်ဗျာ။ သူတို့ကို တစ်နည်းနည်းနဲ့ချမ်းသာအောင် လုပ်ပေးနိုင်တဲ့နည်းလမ်းလေးများ မရှိဘူးလား” လို့မေးလိုက်တယ်။ အဲဒီအခါ ပညာရှိကြီးက”မင်းသူတို့ကို တကယ်ချမ်းသာစေချင်လား”လို့ပြန်မေးလိုက်တယ်။ အဲဒီအခါ တပည့်က

“ဘယ်လိုပြောလိုက်ပါလိမ့်ဆရာရယ်။ ချမ်းသာစေချင်တာပေါ့ဗျ” လို့ပြန်ပြောလိုက်တယ်။ အဲဒီအခါ ဆရာပညာရှိက”ဒါဆို သူတို့ပိုင်တဲ့ နွားမကို ချောက်ထဲတွန်းချပြီး သတ်ပေးလိုက်” လို့ပြန်ပြောတယ်။ အဲဒီအခါ တပည့်က”မဟုတ်တာဆရာရယ်၊ သူတို့မှာပိုင်တာဆိုလို့၊ ဒါလေးပဲရှိတာကို၊ ဒါလေးမရှိရင် ဒုက္ခရောက်သွားမှာပေါ့” လို့ပြောလိုက်တယ်။ အဲဒီအခါ ဆရာက”တကယ်ချမ်းသာစေချင်ရင်၊ ငါပြောတဲ့အတိုင်းသာလုပ်စမ်းကွာ” လို့ပြန်ပြောလိုက်တယ်။အဲဒီလိုနဲ့တပည့်ဟာ လေးလံတဲ့စိတ်နှလုံးနဲ့ တဲပုပ်လေးရှိရာကို ပြန်လာတယ်။ အိမ်သားတွေမသိအောင် သူတို့ရဲ့နွားမလေးကို ချောက်ကမ်းပါးအစွန်းကိုဆွဲလာခဲ့တယ်။ အဲဒီနောက်တော့ သူဟာ နွားကို ချောက်ထဲတွန်းချပြီးသတ်ခဲ့လိုက်တယ်။အဲဒီလိုနဲ့ နှစ်ပေါင်းများစွာအကြာမှာတော့ ဆရာတပည့်နှစ်ယောက်ဟာ အဲဒီလမ်းအတိုင်းဘဲ ခရီးတစ်ခေါက် ထွက်ခဲ့တယ်။ ဒီတစ်ကြိမ်မှာတော့ သူတို့တွေဟာ အရင်တည်းခိုခဲ့ဖူးတဲ့ တဲပုပ်လေးနေရာမှာ ကောင်းမွန်သပ်ယပ်တဲ့ အိမ်တစ်လုံးကိုတွေ့ရတယ်။ အဲဒီအိမ်ဘေးမှာ မျက်စေ့တဆုံးကျယ်ဝန်းတဲ့ သီးနှံစိုက်ခင်းတွေနဲ့တကွ၊ နွားပေါင်း တစ်ဒါဇင်လောက် မွေးမြူထားတဲ့ နွားတင်းကုပ်ကြီးတစ်ခုကိုပါတွေ့ကြရတယ်။ အဲဒီအိမ်ထဲမှာလည်း တစ်ချိန်က ဆင်းရဲချို့တဲ့စွာနေခဲ့ရတဲ့မိသားစုဟာ ကောင်းမွန်သပ်ယပ်တဲ့ အဝတ်အစားတွေနဲ့တကွ ပျော်ရွှင်ကြည်နူးနေကြတာကိုလည်း တွေ့ရပြန်တယ်။ ဆရာတပည့်နှစ်ယောက်ဟာ အရင်နည်းအတိုင်းပဲ အိမ်ရှင်ကိုတဲခိုခွင့်တောင်းပြီး တည်းခိုခဲ့တယ်။ ညစာစားအပြီးမှာတော့ တပည့်လုပ်သူဟာ သူတို့ဘယ်လိုလုပ်ပြီး ဒီလိုအခြေအနေကို ရောက်လာလာလဲဆိုတဲ့ သိချင်စိတ်ကို ထိန်းမရတဲ့အတွက်

“အစ်ကို ခင်ဗျားတို့မိသားစုဟာ အရင်က အင်မတန်ဆင်းရဲချို့တဲ့ခဲ့တယ်၊ ခုတော့ တော်တော်လေး အဆင်ပြေနေပါလား၊ ဘယ်လိုဖြစ်ပြီး ဒီဘ၀ ရောက်သွားတယ်ဆိုတာ ပြောပြပါလားအစ်ကို” လို့မေးလိုက်တယ်။ အဲဒီအခါ အိမ်ရှင်ယောက်ျားက ဒီလိုပြန်ပြောလိုက်တယ်-။ “ကျွန်တော်တို့မှာ အရင်က ဆရာတို့သိတဲ့အတိုင်း နွားတစ်ကောင်ရှိတယ်လေ။ ကံဆိုးချင်တော့ ဆရာတို့နှစ်ယောက်ပြန်သွားတဲ့ နေ့မှာပဲ အဲဒီနွားလေးက ချောက်ထဲကျပြီးသေသွားရှာတယ်။ ကျွန်တော်တို့မိသားစု အရမ်းသောက ရောက်ခဲ့တာပေါ့ဗျာ။ ဒီနွားလေးမှီခိုနေရတာကို၊ နွားကသေသွားတော့ ငါတို့တော့ ဒုက္ခရောက်ပြီပေါ့။ ဒါပေမယ့်လည်း လူဆိုတာမျိုးက ဒီအတိုင်း အသေခံပါရိုးလားဆရာရယ်။ နွားအားကိုးလို့မရတော့လည်း ကိုယ့်အားကိုယ်ကိုးကြရတာပေါ့။ တစ်မိသားစုလုံး ညီတူညာတူ စိုက်ကြပျိုးကြ၊ ရရာအလုပ် လုပ်ကြနဲ့ အသက်ရှင်ရပ်တည်ဖို့ ရုန်းကန်ကြရတာပေါ့။ အရင်ကတော့ တစ်နှစ်ကြာအောင် အလုပ်လုပ် ပိုက်ဆံစု နွားပြန်ဝယ်မယ်ပေါ့။ ဒါပေမယ့် တစ်နှစ်ကြာတဲ့အခါ အလုပ်လုပ်လို့ရတဲ့ငွေက နွားတစ်ကောင်တင်မဟုတ်ဘူးဆရာရေ၊ နွားသုံးကောင်စာလောက် ဝယ်လို့ရနေတာကို ကျွန်တော်တို့သိလိုက်ရတယ်။ အဲဒါကြောင့် နွားပြန်ဝယ်ရုံတင်မကဘူး ရှိသမျှမြေတွေ၊ စိုက်လို့ရသမျှမြေတွေကို အကုန်စိုက်၊ လုပ်လို့ရသမျှ အကုန်လုပ်နဲ့ ဒီဘဝရောက်လာတာပဲ၊ နောက်တော့ ကျွန်တော်တို့အကုန်လုံး သဘောပေါက်လာတယ်။ ဘာမှမလုပ်ရင်၊ ဘာမှမဖြစ်ဘူး။ တစ်ခုခုလုပ်ရင်။ တစ်ခုခုဖြစ်လာမယ်ပေါ့ဗျာ”

ကျွန်တော်တို့လူသားတိုင်းဟာ Comfort Zone လို့ခေါ်တဲ့ သက်တောင့်သက်သာ နေရတဲ့ဘဝကိုသာ မှီတွယ်နေ၊ သာယာနေတဲ့သဘာဝရှိသူတွေပဲဖြစ်တယ်။ ဆိုလိုတာက သူဆင်းရဲမိသားစုဟာ နွားကိုမှီခိုနေရင်းနဲ့ သူတို့ဘဝကို ဒီထက်ပိုမိုမြှင့်တင်ကောင်းမွန်စေဖို့ သတိမရကြသလို၊ ကျွန်တော်တို့တွေဟာလည်း လက်ရှိဘဝရေစီးကြောင်းထဲမှာသာ အလိုက်သင့်လေး စီးဆင်းလိုက်ပါနေကြသူများပဲဖြစ်တယ်။ အဲဒီလို အလိုက်သင့်မြောပါနေရင်းနဲ့ပဲ လက်ရှိဘဝထက် ပိုမိုကောင်းမွန်တဲ့ ဘဝတစ်ခု၊ အောင်မြင်မှုတစ်ခုကို ရုန်းထွက်ကြိုးစားဖို့ မေ့လျော့နေကြတယ်လို့ဆိုတယ်။လောကုတ္တရာသဘောအရလည်း သူဆင်းရဲ မိသားစုရဲ့ နွားကိုမှီခိုခြင်းလို ၊ လောကလူသားတိုင်းဟာ “ဘဝတဏှာ”လို့ခေါ်တဲ့ လက်ရှိဘဝကို မှီတွယ်နေတတ်၊ တွယ်တာနေတတ်ပြီး၊ ဘဝရဲ့ဆင်းရဲဒုက္ခကိုစွန့်ပယ်ဖို့၊ သံသရာရဲ့လွတ်မြောက်ခြင်းကို ရှာဖွေဖို့ မေ့လျော့နေတတ်တဲ့ သဘာဝကို ဒီပုံပြင်လေးက ထင်ဟပ်စေမှာပဲဖြစ်တယ်။ လူသားတွေဟာ မိမိရဲ့ဘဝ၊ သားသမီး၊ ဇနီးကြင်ယာတွေကို တွယ်တာခြင်းနဲ့အတူ ပိုမိုကောင်းမွန်တဲ့ သံသရာက လွတ်မြောက်ခြင်းအတွက် ဒါန၊သီလ၊ ဘာဝနာမှုတွေကို မေ့မေ့ပျောက်ပျောက်နဲ့ပဲ ဘဝသံသရာရဲ့ဆင်းရဲဒုက္ခကိုခံနေကြသူများပဲဖြစ်တယ်တို့ဆိုမယ်။

လောကီအမြင်အရလည်း– လောကီလူသားတွေဟာ သူဆင်းရဲမိသားစုဟာ နေ့စဉ်ရရှိတဲ့နွားနို့လေးကိုသာအမှီပြုနေတာကြောင့် ပိုမိုပြည့်စုံတဲ့ဘဝနဲ့ ဝေးကွာနေကြရသလို ကျွန်တော်တို့တွေဟာလည်း လတ်တလောရရှိနေတဲ့အခြေအနေမှာသာ မိန်းမောလိုက်ပါရင်း ဘဝကိုဖောက်ထွက်ဖို့၊ အောင်မြင်ခြင်းကို အရယူဖို့ အားထုတ်လေ့၊ ကြိုးပမ်းလေ့မရှိကြဘူးလို့ဆိုတယ်။ကျွန်တော်တို့ဟာ မိမိရဲ့ comfort zone ကို မှီခိုတတ်၊ မိန်းမောတတ်တဲ့သဘာဝကို ဆင်ခြင်သင့်လှတယ်။ “ငါဟာ ဒီထက်ပိုပြီးကောင်းတဲ့ဘဝကို ဦးတည်နေသူလား၊ ဒီဘဝနဲ့ပဲ တစ်သက်လုံးအရိုးထုတ်ရမယ့်သူလား” ဆိုတဲ့အတွေးနဲ့ မိမိကိုယ်ကို ဆန်းစစ်သင့်ကြတယ်လို့ဆိုတယ်။ အဲဒီလို ဆန်းစစ်ပြီးတဲ့အခါမှာလည်း နွားကိုချောက်ထဲတွန်းချပစ်သလို မိမိရဲ့ မေ့လျော့ပျော်ပါးတတ်တဲ့သဘာဝကို လုံးဝဥဿုံ စွန့်ပယ်သင့်ကြတယ်လို့ဆိုတယ်။ အဲဒီလို စွန့်ပယ်နိုင်မှသာ သူဆင်းရဲမိသားစုရဲ့ ကြီးပွားချမ်းသာခြင်းနဲ့တူတဲ့ အောင်မြင်ခြင်းကို မုချရောက်နိုင်မယ်လို့ဆိုလိုတာပဲဖြစ်တယ်။

Comfort zone is a beautiful place, but nothing ever grows there.

သက်တောင့်သက်သာနေထိုင်ရတဲ့ဘဝဟာ အင်မတန်လှပတဲ့နေရာပဲဖြစ်တယ်။ ဒါပေမယ့်လည်း ဒီနေရာဟာ ဘာတစ်ခုမှ စိုက်ပျိုးလို့တော့ ရမှာမဟုတ်ဘူး”

ဆိုလိုတာက ကျွန်တော်တို့ရဲ့ သက်တောင့်သက်သာနဲ့ စီးမြောလိုက်ပါနေတဲ့ ဘဝနေထိုင်မှုဟာ ပျော်ရွှင်မှု၊ သက်သာမှုတွေ ရှိကောင်းရှိနိုင်ပေမယ့် ဒီအတိုင်းနေထိုင်သွားခဲ့ရင် အောင်မြင်ချမ်းသာတဲ့ဘဝကို ဘယ်သောအခါမှ ရလိမ့်မှာမဟုတ်ဘူးလို့ဆိုလိုတာပဲဖြစ်တယ်။ Comfort Zone ကနေ ရုန်းကန်ဖောက်ထွက်နိုင်မှသာ အောင်မြင်ခြင်းကို အရယူနိုင်လိမ့်မယ်လို့ဆိုတယ်။ ဘာမှမလုပ်ရင်၊ ဘာမှမဖြစ်ဘူး၊ တစ်ခုခုလုပ်မှ၊ တစ်ခုခုဖြစ်မယ် ဆိုတဲ့ သူဆင်းရဲရဲ့စကားလို လက်ရှိဘဝမှာ သာယာပြီး အလိုက်သင့်မြောပါနေရုံနဲ့တော့ ဘာတစ်ခုမှ အောင်မြင်လာမှာမဟုတ်ဘူးလို့ဆိုလိုတာပဲဖြစ်တယ်။

တကယ်တော့လည်း ကျွန်တော်တို့ဟာ “နွား”ကို ချောက်ထဲတွန်းချပစ်ဖို့ လိုအပ်နေသူများပဲဖြစ်တယ်လက်ရှိဘဝမှ ရုန်းကန်ဖောက်ထွက်နိုင်ကြပါစေ။


Reference: Moral Stories

Advertisements